


ရုရှားနှင့် ဂျော်ဂျီယာတို့ တောင်ပိုင်း အော့စ်တီးယားပြည်နယ်အရေးနှင့် ပတ်သတ်ပြီး သြဂုတ်လ (၈) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကြရာ သြဂုတ်လ (၁၁) ရက်နေ့တွင် ရုရှားတပ်များအနေဖြင့် ဂျော်ဂျီယာ ပိုင်နက်နယ်မြေများအတွင်း စတင်ချဉ်းနင်း ၀င်ရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။ စစ်ပွဲပထမနေ့အတွင်းမှာပင် တောင်ပိုင်း အော့စတီးယားပြည်နယ် မြို့တော်မှာ ဂျော်ဂျီယာတပ်မတော်၏ တာဝေးပစ်လက်နက်ဒဏ်ကြောင့် လုံးဝပျက်စီးသွားခဲ့ရသလို နှစ်ဖက်စစ်တပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများသေဆုံးမှုနှုန်းမှာလည်း မြင့်တက်လာခဲ့ရသည်။ ယခုအခါ ရုရှား ခြေလျင်တပ်မအချို့နှင့် သံချပ်ကာတပ်ရင်းအချို့တို့မှာ ဂျော်ဂျီယာနိုင်ငံ ပိုင်နက်အတွင်း (၂၅) မိုင်ခန့် ထိုးဖောက်ဝင်ရောက်ခဲ့သလို ယခင်ဆိုဗီယက်ယူနီယံခေတ်က ရေဒါစခန်းအား သိမ်းပိုက်ထားလိုက်ကြသည်။ ထို့အပြင် အနောက်ဘက်ရှိ အချက်အချာကျသော မြို့ငယ်နှစ်မြို့ကိုလည်း သိမ်းပိုက်ထားကြောင်း ရုရှားဘက်မှကြေငြာခဲ့သည်။
အမေရိကန်နှင့် နေတိုးတို့က ရုရှား၏လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း ရုရှားတပ်များသည် ဂျော်ဂျီယာတပ်မတော် ဆုတ်ခွာသွားသည့် စစ်ရေးအရအချက်အချာကျသည့် အလယ်ပိုင်းဒေသရှိ ဂိုရီမြို့တော်အား သြဂုတ်လ (၁၁) ရက်နေ့တွင် ထပ်မံသိမ်းပိုက်လိုက်ကြောင်း သတင်းများရရှိသည်။ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့်လည်း အမြဲတမ်းလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော ရုရှားကိုယ်တိုင် ပါဝင်ဆင်နွှဲနေသော ယခုစစ်ပွဲတွင် တစုံတရာ ၀င်ရောက်ပါဝင်ရန်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေကြသည်။ ယခုအခါတွင် ဂျော်ဂျီယာတပ်မများမှာ မြို့တော် တီဘီလီဆီအား ရုရှားတို့၏ တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် အလျင်အမြန် ဆုတ်ခွာနေကြရပြီဖြစ်သည်။ ဂျော်ဂျီယာစစ်သားများသည် ကျရောက်ပေါက်ကွဲနေသော အမြှောက်ဆန်များကြားတွင် လှည့်လည်ရင်း ရုရှားတင့်ကားများ ချီတက်လာတော့မည်ဖြစ်၍ နေအိမ်များကို စွန့်ခွာသွားကြရန် ပြည်သူများအား လိုက်လံသတိပေးခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ဂိုရီမြို့တော်တွင် ဗုံးသံများ၊ တင့်ကားချိန်းကြိုးလည်ပတ်သံများ၊ ညည်းညူသံများနှင့် ပြည့်နှက်နေကြောင်း ထွက်ပြေးလာသည့် စစ်ဘေး ဒုက္ခသည်များက ပြောပြကြသည်။ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှ ထုတ်ပြန်ကြေငြာချက်တွင် တောင်ပိုင်း အော့စ်တီးယားပြည်နယ် လုံခြုံရေးအတွက် ဂျော်ဂျီယာ၏ စစ်အင်အားကို အပြီးတိုင်ဖြိုခွဲသွားမည်ဟု ပါရှိသည်။ ဂျော်ဂျီယာ သမ္မတ မစ်ဟေးလ် ဆကက်ရှ်ဗီလီက ရုရှား၏ကျူးကျော်မှုအား အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ၄င်းအနေဖြင့် အစွမ်းရှိသ၍ ခုခံတိုက်ခိုက်သွားမည်ဟု ကြေငြာခဲ့သည်။ ဂျော်ဂျီယာပြည်သူများကလည်း ၄င်းတို့ သမ္မတနှင့် စိတ်တူသဘောတူပင်ဖြစ်ကြောင်း လမ်းမများပေါ်သို့ထွက်လာပြီး ထောက်ခံခဲ့ကြသည်။ ဆကက်ရှ်ဗီလီက ၄င်း၏ အနောက်အုပ်စု မဟာမိတ်နိုင်ငံများအား စစ်လက်နက်နှင့် ရိက္ခာပစ္စည်းများ အရေးတကြီး ထောက်ပံ့ပေးရန် အကူအညီတောင်းခံထားသည်။၎င်း၏အဆိုအရ ရုရှားတပ်သား (၂၀၀၀၀) ကျော်နှင့် တင့်ကား (၅၀၀) ခန့်မှာ ဂျော်ဂျီယာ နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်လာသလို ရုရှား ရေတပ်နှင့် လေတပ်တို့မှလည်း လမ်းများ၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။ ရုရှားရေတပ်သည် ဂျော်ဂျီယာရေတပ်အား ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပြီးဖြစ်သလို ရုရှားလေတပ်မှလည်း ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာနေသည်။ ရုရှားနိုင်ငံတွင် စစ်သည်အင်အား တစ်သန်းကျော်ရှိပြီး ကမ္ဘာ့အဆင့်အမြင့်ဆုံး လက်နက်များကို ပိုင်ဆိုင်ထားသော်လည်း ဂျော်ဂျီယာနိုင်ငံမှာမူ စစ်သည်အင်အား နှစ်သောင်းကျော်သာရှိသည်။ အမေရိကန်အနေဖြင့် ရုရှားအား အပစ်အခတ်ရပ်စဲရန် တောင်းဆိုနေသော်လည်း ရုရှားဘက်မှ လိုက်လျောခြင်း မရှိသေးသောကြောင့် ဆိုဗီယက်ယူနီယံ အင်အားကြီးထွားခဲ့သည့် စစ်အေးခေတ်နောက်ပိုင်း ရုရှား-အမေရိကန် ဆက်ဆံရေးမှာ ပြန်လည်ဆိုးရွားလာဖွယ်ရှိနေသည်။ အမေရိကန် နိုင်ငံအနေဖြင့် အပြစ်မဲ့ပြည်သူများ သွေးမြေကျခဲ့ရသည့်အတွက် ရုရှုားအား အပြစ်တင်ခဲ့ပြီး အီရတ်တွင် တာဝန်ထမ်းဆောင်နေသော အထူးလေ့ကျင့်ထားသည့် ဂျော်ဂျီယာစစ်သည် (၂၀၀၀) ကျော်ကိုလည်း အမိမြေ ကာကွယ်ရေးအတွက် ပြန်လည် စေလွှတ်ပေးခဲ့သည်။
.jpg)
No comments:
Post a Comment