ရခိုင်ရိုးရာ သင်္ကြန် ရန်ကုန်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

4/11/2009
၆- ကြိမ်မြှောက် ရခိုင်ရိုးရာ သင်္ကြန်ကို ရန်ကုန်မြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရခိုင်ရိုးရာ မဟာ သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် သိမ်ဖြူ ယာဉ်မောင်း သင်ကွင်းတွင် ပြုလုပ်မည် ဖြစ်သည်။ ရခိုင်ရိုးရာ မဟာ သင်္ကြန်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့တွင် စတင် မည် ဖြစ်သော်လည်း နံ့သာသွေးပွဲနှင့် ရိုးရာ ယဉ်ကျေးမူ အကများ၊ ရခိုင်တေးသီခြင်းများ ဖြေဖျော်ပွဲများအား ဧပြီလ ၁၂ ရက်နေ့မှ စတင်ကျင်းပမည် ဖြစ်သည်။ရေလာင်းပွဲနှင့် အဆိုအက ရခိုင် သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ရခိုင်သင်္ကြန်ပွဲတော် အတွင်း မြို့နယ်နှင့် အသင်းအဖွဲ့ ကိုယ်စားပြု မဏ္ဍပ် ၁၂ ခုပါဝင်မည် ဖြစ်ပြီး သုံရက်အတွင်း လူပေါင်း တသိန်းခန့် ပါဝင် ဆင်နွဲမည် ဖြစ်သည်။ရန်ကုန် ရခိုင်သင်္ကြန်မှာ ယခုအခါ စစ်တွေ သင်္ကြန်ထက် ပိုစည်ကားလာပြီး ယခုကဲ့သို့ စည်ကားလာရခြင်းမှာ ရန်ကုန်တွင် ရခိုင်အမျိုးသားများ ပိုမို များပြားလာ၍ ဖြစ်သည်ဟု သိရသည်။ရခိုင်အမျိုးသားများမှာ စီးပွားရေး အကျပ်အတည်းကြောင့် သာမက နအဖ စစ်အာဏာပိုင်များ၏ နှိပ်စက် အနိုင်ကျင့်မူကြောင့် ရခိုင်ပြည်ကို စွန့်ခွာပြီး ရန်ကုန်တွင် နေထိုင်သူ ပိုများလာဟု သိရသည်။ရခိုင် မဟာ သင်္ကြန်ပိတ်ပွဲကို ဧပြီလ ၁၆ ရက်နေ့တွင် ညနေတွင် ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment