
မြန်မာ-အိန္ဒိယ နယ်စပ် အနီးတွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ၏ ခြုံခို တိုက်ခိုက်မှုကြောင့် နအဖစစ်သား ၂ ဦး ကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ထုတ်ပြန်ကျေညာချက်တွင် ဖေါ်ပြသည်။
ကျေညာချက် ထုတ်ပြန်နေ့စွဲကို ဖေါ်ပြ မထားသော်လည်း အဆိုပါ ကျေညာချက်တွင် တိုက်ပွဲမှာ ဇူလှိုင်လ ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ဖေါ်ပြသည်။
တိုက်ပွဲ ဖြစ်ပွားပုံကို အသေးစိတ် ဖေါ်ပြရာတွင် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်မှ စစ်ကြောင်းမှူး ခိုင်လင်း ဦးဆောင်သော တပ်ဖွဲ့က ငွေလက်ဝ ကျေးရွာအနီးတွင် နအဖ ဒုဗိုလ် အောင်ကိုလင်း ဦးဆောင်သော ၁၀ ဦးပါ အဖွဲ့တဖွဲကို ခြုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နအဖ စစ်ဗိုလ် အောင်ကိုလင်း ဦးဆောင်သော ၁၀ ဦးပါ အဖွဲ့သည် မြိတ်ဝကျေးရွာမှ တောင်ပြိုစခန်းသို့ ခမရ ၅၃၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တင်အောင်မြင့်အား ကြိုဆိုရန် စက်လှေဖြင့်အသွားတွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားချိန်မှာ ၄၇ မိနစ်ကြာမြင့်ပြီး တိုက်ပွဲအတွင်း ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်က နအဖဘက်မှ အမ်းအေ ၀မ်း လက်နက် အမျိုးအစား နှစ်လက်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ဘက်မှ တိုက်ပွဲတွင် တပ်သား ၁၅ ဦး ပါဝင်ခဲ့ပြီး တစုံတရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်သည် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ရခိုင်ပြည် လွတ်လပ်ရေးအတွက် ရပ်တည်လှုပ်ရှား တိုက်ပွဲဝင်နေပြီး ပြောက်ကျားစစ်ဖြင့် ရန်သူ နအဖတပ်များအား မကြာခဏ စစ်ဆင်တိုက်ခိုက်နေသော တပ်မတော် တရပ်ဖြစ်သည်။
No comments:
Post a Comment